မြေဆီလွှာအတွင်း အာဟာရလျော့ပါးမှုနှင့် ပျက်သုဉ်းမှုကို ကုစားရန် စီမံခြင်း

သီးနှံပင်များသည် ၄င်းတို့ ရှင်သန်ကြီးထွား ဖွံ့ဖြိုးပြီး မျိုးဆက်ပြန့်ပွားရန် အတွက် မြေဆီလွှာကို အမှီသဟဲ ပြုနေရသည်။ သို့အတွက် မြေဆီလွှာသည် ရူပစွမ်းရည်၊ ဓာတုစွမ်းရည်နှင့် ဇီဝစွမ်းရည်များနှင့် ပြည့်ဝနေရန် လိုသည်။ မြေဆီလွှာ ကောင်းတစ်ခု၏ ရူပစွမ်းရည်တွင်မြေသားအနု၊ အကြမ်းမျှတမှု၊ မြေသား တည်ဆောက်မှုကောင်းမွန်မှု၊ ကျောက်တုံးကျောက်ခဲ ပါဝင်မှုမျှတမှု၊ မြေသား အတိမ်အနက်မျှတမှု၊ထုံးဓာတ်ပါဝင်မှုနှင့် ကျောက်မှုန့် ပါဝင်မှုတို့သည် အဓိက ဖြစ်သည်။ ဓာတုစွမ်းရည်များတွင် ဓာတ်ဖိုမလှယ်နိုင် စွမ်းအားကောင်းမှု၊ ဓာတ်ဖိုပြည့်ဝမှု ရာခိုင်နှုန်း၊ မြေချဉ်ငန်ကိန်းမျှ တမှု၊ ရုက္ခ အာဟာရ ဓာတ်ပါဝင်မှုတို့သည် ပဓာနကျသည်။ မြေဆီလွှာတွင် ဓာတ်သတ္တု ၄၉ ရာခိုင်နှုန်း၊ လေ ၂၅ ရာခိုင်နှုန်း၊ အစိုဓာတ် ၂၅ ရာခိုင်နှုန်းနှင့် အစိုင်အခဲ၊ အငွေ့နှင့် အရည်တို့ ပါဝင်သည်။ သီးနှံသစ်ပင်များ ရှင်သန်ကြီးထွားရန် အတွက်အာဟာရ ဓာတ် ၁၆ မျိုး လိုအပ်သည်။ ၄င်းတို့အနက် ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင် ဓာတ်များကို လေနှင့်ရေမှ ရရှိသည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာဓာတ် များကို ဓာတ်မြေဩဇာများနှင့် မြေတွင်း အာဟာရမှရရှိသည်။
သံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ သွပ်၊ ဘိုရွန်၊ မိုလစ်ဗီဒစ်နန်နှင့် ကလိုရင်းတို့ကို ဓာတ်မြေဩဇာနှင့် မြေတွင်း သဘာဝ အာဟာရများမှ ရရှိသည်။ မြေဆီလွှာ ကောင်းတစ်ခု၏ ဇီဝစွမ်းရည်တွင် မြေဆီလွှာအတွင်း၌ သစ်ပင်သီးနှံများကို အကျိုးပြုသော အဏုဇီဝ သက်ရှိများပွားများ ရှင်သန်နေခြင်း ပင်ဖြစ်သည်။ အဏုဇီဝ သက်ရှိများဖြစ်သည့် ဘက်တီးရီးယားများ၊ အင်ဇိုင်းများ၊ မှိုများ စသည်တို့၏ အသက်ရှင်ပွားများမှုသည် မြေဆီလွှာအတွင်း မြေဆွေး ဓာတ်ကြွယ်ဝမှုအပေါ် လုံးဝတည်မှီနေကြသည်။ မြေဆီလွှာ အတွင်းတွင် မြေဆွေးဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရမည်။ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြည့်ပြီး မြေဆွေးဖြစ်ပေါ်လာရာတွင် အကျိအချွဲများ၊ အဏုဇီဝရုပ်များ၏ ကော်ရည်များ ထွက်လာသည်။ ၄င်းတို့သည် မြေဆီလွှာကို ကောင်းမွန်တည်တံ့စေသည်။ ၄င်းအပြင် ဟော်မုန်းများ၊ ဗီတာမင်များ၊ ပဋိဇီဝပစ္စည်းများပါ ထွက်လာသဖြင့် အပင်ကြီးထွားမှုကို အားပေးသည်။ မြေဆီလွှာ အတွင်း အော်ဂဲနစ် ပစ္စည်းများ ဆွေးမြည့်၍ ထွက်လာသော အက်ဆစ်များသည် ဓာတ်သတ္တုများ ပျော်ဝင်စေပြီး အပင်အာဟာရအဖြစ် စုပ်ယူစေနိုင်သည်။
ပေါ်ထွက်လာသည့် ပစ္စည်းများသည် ဓာတ်ဖိုဖလှယ် စွမ်းအားကောင်းသည့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်များကို ထိန်းထားပေးပြီး အပင်က စုပ်ယူ ရရှိစေသည့် အော်ဂဲနစ် ပစ္စည်းများက အဆိပ်အတောက်ဖြစ်စေမှုကို တားဆီးပေးထားသည်။ ဤသို့ စွမ်းရည်သုံးရပ်နှင့် ပြည့်စုံပြီး ကောင်းမွန်သော မြေဆီလွှာသည် အကြောင်းအမျိုးမျိုးကြောင့် အာဟာရများ ယုတ်လျော့ခြင်း၊ သီးနှံအထွက်များ ကျရခြင်း၊ မြေဆီလွှာပျက် သုဉ်းခြင်းများကို ဖြစ်ပေါ်စေသည်။ မြေဆီလွှာအတွင်း အာဟာရဓာတ်များ ယုတ်လျော့ရခြင်း ဖြစ်စဉ်မှာ သီးနှံများစိုက်ပျိုးသဖြင့် သီးနှံပင်များက မြေတွင်းမှ အာဟာရဓာတ်များကို ထုတ်နုတ် စားသုံးသွားသဖြင့် ကုန်ခမ်းခြင်း၊ သီးနှံပင်များက ထုတ်နုတ်စားသုံးသွား၍ ကုန်ခမ်းသွားသော အာဟာရများကို နှစ်စဉ် ပြန်လည်ဖြည့်တင်းပေးမှု မရှိခြင်း၊ သီးနှံစိုက်ပျိုးမှု စနစ် မမှန်ကန်ခြင်းများက အဓိက တရားခံများဖြစ်ကြသည်။ မြေဆီလွှာအတွင်းသို့ မြေဆီမြေနှစ် အာဟာရများ ပြန်လည် ဖြည့်စွမ်းပေးခြင်း မရှိဘဲ သီးနှံများဆက်တိုက် စိုက်နေပါက ကြာလျှင် မြေပျက်သုဉ်းသွားမည်။ လယ်သမားများက မြေကန်းသည်ဟု ဆိုသည်။ မြေဆီလွှာ အတွင်း ကုန်ခမ်းသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့်စွမ်းပေးမှသာ မြင့်မားသော သီးနှံအထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။
စပါး စိုက်ပျိုးသော လယ်မြေများတွင် စပါးရင့်မှည့်ပါက စပါးပင်သည် နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖိတ်ဓာတ် ၃၀-၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ဓာတ် ၈၀-၈၅ ရာခိုင်နှုန်းနှင့် ဆာလ်ဖာဓာတ် ၄၀-၄၅ ရာခိုင်နှုန်း နုတ်ယူစားသုံးသွားသည်။ ကောက်ရိုးနှင့် ရိုးပြတ်မီးရှို့ပါက နိုက်ထရိုဂျင် ဓာတ်အားလုံး ဆုံးရှုံးသွားပြီး ဖော့စဖိတ်ဓာတ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂၀ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄၀-၅၀ ရာခိုင်နှုန်းနှင့် သွပ်ဓာတ်၊ ဆီလီကာဓာတ်များလည်း ဆုံးရှုံးသွားသည်။ ရင့်မှည့်သောအခါ အစေ့ထုတ်ပြောင်းသည် နိုက်ထရိုဂျင် ၁၁၄ ပေါင်၊ ဖော့စဖရပ်၄၃ ပေါင်၊ ပိုတက်စီယမ် ၁၂၅ ပေါင်၊ အာလူးသည် နိုက်ထရိုဂျင် ၇၆ ပေါင်၊ ဖော့စဖရပ် ၂၇ ပေါင်၊ ပိုတက်စီယမ် ၁၂၅ ပေါင် ထုတ်နုတ် စားသုံးသွားသည်။ သို့အတွက် မြေအတွင်း ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့်စွမ်းပေးရန် လိုအပ်ပါသည်။
အိန္ဒိယနိုင်ငံတွင် မြို့ပြအမှိုက်နှင့် နုန်းများရော၍ မြေဆွေးတန် ဘီလျံနှင့်ချီ၍ ထုတ်လုပ်ပြီး မြေတွင်းအာဟာရများ လျော့ပါးမှုကို ကုစားလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ တိရစ္ဆာန် အညစ်အကြေး၊ တိရစ္ဆာန်ခန္ဓာကိုယ် အကြွင်း အကျန်များ၊ မြေဆွေး၊ ကောက်ရိုး၊ ပဲဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ သစ်စိမ်းမြေဩဇာ၊ မြို့ပြ အမှိုက်၊ ထုံး၊ ဂျစ်ပဆန်ကျောက်မှုန့် တို့သည် မြေတွင်းအာဟာရ ပြန်လည် ဖြည့်စွမ်းရန် အလွယ်ကူဆုံး အရင်းအမြစ်များ ဖြစ်သည်။ လက်တွေ့ထည့်ဖြစ်ဖို့သာ လိုပါသည်။
ဤသို့ ဇီဝ သံသရာလည် နေမှလည်း မြေဆီလွှာသည် မြေဆီမြေနှစ်နှင့် ပြန်လည် ပြည့်ဝနေပြီး သီးနှံလည်း အထွက်ကောင်းနေပေမည်။မြေဆီလွှာအတွင်း အာဟာရ ယုတ်လျော့မှုသည် သီးနှံ စိုက်ပျိုးစနစ်နှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါသည်။ မြေဆီလွှာအာဟာရဓာတ် အလွန်စားသုံးသော အစေ့ထုတ်ပြောင်းကို နှစ်စဉ် စိုက်ပျိုးပြီး အာဟာရဓာတ် ပြန်လည်ဖြည့်စွမ်းမပေးပါက ၄င်းမြေသည် ပျက်သုဉ်းခြင်း ဘဝရောက်ရန် သေချာပါသည်။ စိုက်ပျိုးသည့် သီးနှံပုံစံ မမှန်ကန်မှုသည်လည်း အာဟာရယုတ်လျော့မှုကို ဖန်တီးစေပါသည်။ စပါးအပြီး စပါးသီး ထပ်စိုက်ပျိုးလျှင် လေးနှစ်ကြာပါက မြေစတင်ပျက်စေသည်။ အထွက်လည်းကျစေသည်ဟု ရေဆင်း စိုက်ပျိုးရေး သုတေသနတွေ့ရှိချက်က ဆိုထားပါသည်။ စပါးပြီး ပဲမျိုးစုံ၊ ဆီထွက်တစ်လှည့် သီးနှံပုံစံ စိုက်ပျိုးလျှင် မြေဆီလွှာအတွင်း အာဟာရဓာတ်လျော့ပါးမှု သိသိသာသာ မဖြစ်ပေါ်ကြောင်းလည်း သုတေသနက ဆိုထားပါသည်။ ပထမ သီးနှံစပါး၏ ရိုးပြတ်၊ ကောက်ရိုးများ၊ ဒုတိယ သီးနှံ၊ ပဲ၊ ဆီထွက်သီးနှံပင် အကြွင်းအကျန် များကို ထယ်ထိုးမြေမြှုပ်ပြီး ဓာတ်မြေဩဇာများနှင့် တွဲဖက်အသုံးပြုပါက နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်နှင့် စီလီကာဓာတ်များ တိုးပွားလာစေသည် ဟုလည်း သုတေသနက ဆိုထားပါသည်။
စပါးပြီးစပါး သီးနှံပုံစံကို ဆက်တိုက် စိုက်ပျိုးပါက မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ ပျက်စီးစေသည်။ ဓာတ်ဂုဏ်သတ္တိလည်း ပျက်စီးစေသည်။ မြေဆီလွှာ အတွင်း မြေဆွေးဓာတ် လျော့နည်းစေသည့် အပြင် သွပ်ဓာတ်ချို့တဲ့ခြင်း၊ သံဓာတ် အဆိပ်သင့်ခြင်း၊ ဆာလ်ဖာအဆိပ်သင့်ခြင်း၊ အလူမီနီယမ် အဆိပ်သင့်ခြင်းများ ခံစားရစေသည်။ မြေဆီလွှာ ပျက်သုဉ်းခြင်း ဖြစ်စဉ်တွင် (၁) ရူပသဘော ပျက်သုဉ်းခြင်း၊ (၂) ဓာတုသဘောအရ ပျက်သုဉ်းခြင်းတို့ ဖြစ်ပေါ်သည်။ တစ်ခါတစ်ရံ သီးနှံပြန်လည်စိုက်၍ မရသည်ထိ ပျက်စီးခြင်း ဖြစ်စေပါသည်။ ဤသို့ မြေဆီလွှာ ပျက်သုဉ်းခြင်း မျိုးများသည် ပြန်လည်ပြုပြင် ကုစားရန်မှာ ငွေကြေးကုန်ကျမှု များလေ့ရှိပါသည်။ သို့အတွက် ကြိုတင်ကာကွယ်ခြင်းသာ ပို၍ ထိရောက်စေပါသည်။ ရူပသဘောအရ ပျက်စီးခြင်းသည် သဘာဝဘေး အန္တရာယ်ရေကြီးခြင်းကြောင့် သဲထုများ ကြီးစွာ ဖုံးလွှမ်းခံလိုက်ရခြင်း၊ လေကြောင့် လွင်တီးခေါင်သစ်ပင် အကာအကွယ် အဖုံးအလွှမ်း မရှိသဖြင့် မြေ၏အပေါ်ယံလွှာများ တိုက်စား ခံလိုက်ရခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းကြောင့် အပေါ်ယံမြေဆီလွှာများ ဖွဲ့စည်းမှု ပျက်စီးခံလိုက်ခြင်း၊ ၄င်း၏ နောက်ဆက်တွဲ ရေတိုက်စားမှု ခံလိုက်ရခြင်း များကြောင့် မြေပျက်သုဉ်းရသည်။
ဤသည်ကို ကုစားရန်မှာ ရေတားတမံများ တည်ဆောက်ခြင်း၊ လွင်တီးခေါင် မြေများကို မြေဆီဖုံး သစ်ပင်စိုက်ပျိုးခြင်း၊ တောမီးလောင်၊ သစ်တောခုတ်ခြင်းများကို ထိထိရောက်ရောက် ကာကွယ် တားဆီးခြင်းများဖြင့် ကြိုတင် ကုစားရမည်ဖြစ်သည်။ ဓာတုသဘော အရ မြေပျက်သုဉ်းခြင်းသည် မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ ပျက်စီးရာမှ ဓာတ်ဂုဏ်သတ္တိပျက်စီးမှုအထိပါ ဂယက်ရိုက်ခတ်လာခြင်း ဖြစ်သည်။ မြေဆီလွှာ အတွင်း မြေဆွေးဓာတ် ခမ်းခြောက်သည်ထိ လျော့နည်းသွားလျှင် မြေတွင်းရှိ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သံ၊ အလျူမီနီယမ်ဓာတ်များ၏ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား ကျသွားစေသည်။ ဤ အချိန်တွင် ၄င်းဓာတ်များ ထိန်းချုပ်ခံရခြင်း၊ အာဟာရဓာတ်များကို အပင်က စားသုံး၍ မရရှိခြင်း၊ ဓာတ်သတ္တုများ အဆိပ်သင့်ခြင်း၊ မြေကို ချဉ်စေခြင်း၊ ဆိုဒီယမ်၊ အလျူမီနီယမ်ကြောင့် ငန်စေခြင်း၊ မြေချဉ်သဖြင့် ဖော့စ်ဖရပ်အပါအဝင် ဓာတ်သတ္တု အာဟာရဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်ခြင်းများ ကြုံရပေသည်။ ဤသို့သောအခြေအနေတွင် မြေဆီလွှာ အတွင်း မြေဆွေးဓာတ်များ ပြန်လည် ဖြည့်စွမ်းပေးခြင်းဖြင့် ကုစားနိုင်ပါသည်။ ချဉ်သောမြေ များကို ထုံးထည့်ပေးခြင်း၊ ငန်သောမြေများကို ရေဖြင့် အကြိမ်ကြိမ်ဆေးကြော၍ အငန်ဓာတ်လျော့ပေါ့အောင် ကုစားနိုင်ပါသည်။ သို့ပါ၍ မြေဆီလွှာ အတွင်း အာဟာရ ဓာတ်လျော့ပါးမှု၊ မြေပျက်သုဉ်းမှုများကို အထက်ပါ နည်းလမ်းများအတိုင်း စနစ်တကျ ကြိုတင်စီမံ၍ ကုစားကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။
- အောင်ဆန်း (စိုက်ပျိုးရေး)Image may contain: plant, nature and outdoor

Comments